ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ရှိ တအာင်းတပ် အုပ်ချုပ်ရေးအားလုံးကို ကိုးကန့်တပ် ဖမ်းဆီးထိန်းသိမ်းထား၊ အများစု အဆက်အသွယ် ပြတ်တောက်နေ

ဒီနေ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ရှိ တအာင်းတပ်ရဲ့ အကောက်ခွန်ဌာနနဲ့လုံခြုံရေးအဖွဲ့အများစုကို ဖမ်းဆီးသွားပြီးနောက် ၁၀၅ မိုင်ရှိ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးနဲ့လုံခြုံရေးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနဲ့ အဖြေရှာသွားမယ်လို့ TNLA ထုတ်ပြန်

လက်ရှိ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့ ဌာနဆိုင်ရာအားလုံးနီးပါး ကိုးကန့်တပ် သိမ်းပိုက်ပြီး ခံစစ် အသင့်ပြင်ထား၊ ကွတ်ခိုင်မြို့အနီး ရွာခံတွေ ဖမ်းဆီးခံရတာ ရှိနေ

ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီခွဲမှာ ကွတ်ခိုင်မြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ်ဟာ လက်ရှိ မြို့ပေါ်က ဌာနဆိုင်ရာအများစုကို သိမ်းပိုက်ထားပြီး ခံစစ် အသင့်ပြင်ထားလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

TNLAရဲ့ တပ်စခန်း ၅နေရာထက်မနည်းကို တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့ပေမယ့် TNLA ဘက်က အရင်ပစ်လို့ ပြန်လည်ခုခံခြင်းသာ ဖြစ်တယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

ဒီနေ့ မတ်လ ၁၄ ရက် မနက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ကျင်စခန်းကျော့၊တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်ခဲ့ပေမယ့် TNLA ဘက်က အရင်ပစ်လို့ ပြန်လည်ခုခံတာဖြစ်တယ်လို့ ကိုးကန့်တပ် ဒီနေ့လည်ပိုင်းမှာ စာထုတ်ပြန်ထားပါတယ်။

ကျေးရွာတွေဘက်ကို MNDAAက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှုရှိ၊ ကျေးရွာ ၃ရွာထက်မနည်းက ဒေသခံတွေ တောထဲ တိမ်းရှောင်ရ

ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာ ၃ ရွာ ထက်မနည်းက ဒေသခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း နေပြည်တော်ကို ရောက်ချိန် ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် ထိုးစစ်ဆင်တိုက်ခိုက်

တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေချိန်မှာပဲ ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

MNDAAရဲ့ ထိုးစစ် ကွတ်ခိုင်မြို့ထဲ အင်အားအလုံးအရင်း ရောက်လာ၊ တိုက်ပွဲ အပြင်းအထန်ဆက်ဖြစ်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ထဲအထိ ကိုးကန့်တပ် MNDAAရဲ့ ထိုးစစ် ဝင်ရောက်လာပြီး မြို့ထဲမှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ကွတ်ခိုင်မှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရ

တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် – MNDAA က ဒီနေ့ မတ်လ ၁၄ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

တအာင်းတပ်ထိန်းချုပ်တဲ့ ကွတ်ခိုင်ကို ကိုးကန့်တပ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်၊ လက်နက်ကြီး၊ဒရုန်းတွေ အသုံးပြု တိုက်ခိုက်နေ

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်-MNDAAက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲလက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ တကောင်းနီကယ်စက်ရုံရှိတဲ့ ထီးချိုင့်ဘက် စစ်ရေး ဦးတည်လာ

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG နဲ့ ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။