ပပ၊ ဇူလိုင် ၂၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ မနေ့ ဇူလိုင် ၁၉ ရက် ည လားရှိုးမြို့ ရပ်ကွက် ၁၀ တိုင်းရုံးလမ်း တိုင်းဂိတ်မရောက်ခင် လမ်းသွယ်ရှိ အသက် ၅၀ ဝန်းကျင်အရွယ် မောင်နှမ နှစ်ယောက်သာနေတဲ့ ကျေးဇူးရှင်က နေအိမ်တစ်ခုမှာ အနုကြမ်းစီးကာ ဓါးပြတိုက်ပြီး သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “သူတို့ မောင်နှမ ၂ ယောက်ထဲနေတာ။ အသက်က ၅၀ နားပတ်ဝန်းကျင်ပါ။ ပိုက်ဆံချမ်းသာကြတယ်။ မိန်းမတွေဘဲနေတာကိုလည်း သိလို့နေမယ်။ သတ်တာက ဓါးနဲ့လား ဘာနဲ့လည်း သေချာမပြောတတ်ဘူး” လို့ ပြောပါတယ်။
အလားတူ ဖြစ်စဉ်မျိုး လားရှိုးမြို့မှာ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာက အရေးတယူ ဆောင်ရွက်တာမျိုး ဆောင်ရွက်တာ မရှိတာကြောင့် ဒေသခံတွေ ကိုယ်ထူကိုယ်ထ သူခိုးဖမ်းတာနဲ့ ဓါးပြတိုက်သူကို ပြန်ခုခံတာတွေ လုပ်ဆောင်နေရကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း (ရမခ)တိုင်းအနီး လေယာဉ်ကွင်းမှာ အမျိုးသားတစ်ဦး ဓါးပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း ၄၀ ပါသွားခဲ့ပါတယ်။
ဇူလိုင် ၇ ရက်ကလည်း ရပ်ကွက် ၅ မှာ ဓါးပြတိုက်တဲ့ အမျိုးသား ၃ ဦးကို အိမ်ရှင်ဖြစ်သူက ဓါးနဲ့ လိုက်ခုတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာကို တွေ့ရပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူနိုင်တာ မရှိခဲ့ပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။