ရွှေဖီမြေ၊ မတ်လ ၂၄ ရက်၊ မြင်းမူ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကင်းရွာကြားမှာ ကုန်တင်ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ PLA ဘက်က ထုတ်ပြန်လာပါတယ်။
PLA ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ အင်အား ၃၀ လောက်ပါတဲ့ စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း လက်နက်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိတွေ့မှု ဖြစ်ပွားနေချိန်မှာ စစ်တပ်ဘက်က စစ်ကူ လိုက်လာတာကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး ဂွေးပင်တောရွာမှာရှိတဲ့ စစ်တပ်စခန်းကနေ ၆၀ မမလက်နက်နဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅ ဦး သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး မြင်းမူဆေးရုံမှာ အရာရှိတစ်ဦးအပါအဝင် နောက်ထပ် ၃ ဦး သေဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ပွဲဟာ ၁၀ မိနစ်လောက်သာ ကြာခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာ ရခဲ့ပေမဲ့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို သေဆုံးဒဏ်ရာရစာရင်းကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။