အလင်း၊ ဇူလိုင် ၂၀၊ တောင်ကုတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ရဟန်း တစ်ပါး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
အရပ်သားပြည်သူတွေနေထိုင်တဲ့ မအီမြို့ အမှတ် (၂) ရပ်ကွက်ကို စစ်ကောင်စီက မနေ့ ဇူလိုင် ၁၉ ရက်နေ့၊ မနက် ၁၂ နာရီဝန်းကျင်မှာ ဂျကဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၃ လုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ရပ်ကွက် ၂ မှာ ပေါင် ၅၀၀ ဗုံးသီး ၃လုံး ကြဲသွားတာပါ။ အဲရပ်ကွက်က လူစည်တယ်။ ပုံမှန်အခြေအနေမျိုးမှာဘဲ ဗုံးကြဲချသွားတာပါ။ အရပ်သား ၅ ယောက်က နေရာလေးတင် ပွဲချင်းပြီး ဆုံးသွားတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မောင်ထွန်းလင်းဇော် (၁၇) နှစ်၊ မလပြည့်စံ (၁၉) နှစ်၊ ကိုညီညီထွေး (၁၉) နှစ်၊ ဒေါ်မူမူဌေး (၃၅) နှစ်၊ ဦးညီညီဇော် (၃၄) နှစ် တို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၄ ဦးပြင်းထန်ဒဏ်ရာရပြီး လူနေအိမ်အမြောက်အမြားလည်း ဗုံးကြဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရတဲ့သူတွေကို အရေးပေါ် ဆေးကုသမှု ခံယူနေကြပါတယ်။ စိုးရိမ်ရတဲ့သူတွေလည်းပါတယ်။ ရပ်ကွက်ထဲက အိမ်တွေလည်း အတော်များ ပျက်စီးသွားပါတယ်။”လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကလည်း ဂွမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေထိခိုက်ပြီး အဆောက်အဦးတချို့ ပျက်စီးသွားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။