မိုင်းရူပ၊ မတ်လ ၂၂ ရက်၊ မိုးမိတ်
စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အရေးပါတဲ့ ရှမ်းမြောက် မိုးမိတ်-သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ တွင်းငယ်ရွာကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မိုးမိတ်မြို့ကနေလာတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။
“တွင်းငယ်ကနေလာတဲ့ စစ်ကြောင်းက သစ်ခွပင်ရွာ ရောက်ပြီ။ သစ်ခွပင်က မိုးမိတ်နဲ့ သပိတ်ကျင်းအစပ်က ရွာပါပဲ။ မိုးမိတ်ကနေလာတဲ့အဖွဲ့က ဘော်ဒေရွာ ရောက်ပြီ။ အဲဒီကြားက ၁၀ မိုင်လောက်ပဲ ကွာတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ခဲ့ရရင် တော်လှန်ရေးတပ်တွေ အားကောင်းခဲ့တဲ့ မိုးမိတ်-တကောင်းမြို့လမ်းအထိ စစ်တပ်ဘက်က ထိန်းချုပ်လိုက်နိုင်တဲ့ အခြေအနေလို့ သိရပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ ကျောင်းသားတပ်- ABSDF စတဲ့တော်လှန်ရေးတပ်တွေဘက်က ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲ တကောင်းမြို့ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ NUG နဲ့ ပူးပေါင်းတပ်တွေဘက်က စစ်တပ်ထံ လက်လွှတ်ထားရပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။