ရွှေဖီမြေ၊ မတ်လ ၂၃ ရက်၊ ဇီးကုန်း
ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၈ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ဇီးကုန်းမြို့နယ် ဘဲအင်းလမ်းဆုံမှာ ဆိုင်ကယ် ၁၂ စီးနဲ့ ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်နေစဉ် ကား ၃ စီးနဲ့အတူ အင်အားဖြည့်ဖို့လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကိုပါ မယင်းကုန်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်း၊ စစ်သုံးဆက်စပ်ပစ္စည်းနဲ့ ဖုန်း ၃ လုံးလည်း သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိဘဲ စစ်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ(၄) UGF Okpo နဲ့ တပ်ခွဲ(၅) BTZM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။