ရွှေဖီမြေ၊ ဧပြီ ၁၃ ရက်၊ ရွှေကျင်
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်တပ်မတော်- KNLA, ကျောင်းသားတပ်မတော်- ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဘီးလင်းမြို့နယ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ လေးကေစခန်းကို ဧပြီ ၇ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ မနေ့ ဧပြီ ၁၂ ရက် မနက် ၈ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မနေ့မှာ ထုတ်ပြန်ထားပါတယ်။
လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားအဆင့်တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိပြီးတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ငါးကြင်းမြီး ၁ လက်၊ MA2 ၁ လက်၊ ၆၀ မမ ၁ လက်၊ ၆၀ မမသီး ၂၉ လုံး၊ ၄၀ မမသီး ၇၅ လုံး၊ ၅.၅၆ ကျည် ၄ ထောင်တောင့်၊ ဂျန်မာစက် ၃ လုံး၊ ဆက်သွယ်ရေး အထိုင်စက် ၄ လုံး၊ မီးစက် ၁ လုံးနဲ့ စစ်သုံးပစ္စည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။
လေးကေစခန်းသိမ်းတိုက်ပွဲကို KNLA တပ်ရင်း၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ နည်းဗျူဟာ(၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေကျင်မြို့နယ်ရှိ စစ်တပ်ရဲ့ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း)ကို ဧပြီ ၄ ရက်ကနေ စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၇ ရက် မနက် ၆ နာရီမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မနေ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လက်ယက်စခန်းသိမ်း တိုက်ပွဲအတွင်း ၆၀ မမ ၁ လက်၊ MA11 ၄ လက်၊ MA 1 ၁ လက်၊ MA4 ပူးတွဲ ၁ လက်၊ RPG အသီး ၇ စုံ၊ စက်လက်ကျည် ၆၀၀ တောင့်၊ ၅.၅၆ ကျည် ၅၀၀ တောင့်၊ ၆၀ မမသီး ၅ လုံး၊ ကျည်ဘောက် ၁၂ ခုနဲ့ စစ်သုံးပစ္စည်း၊ ဂျန်မာစက် ၂ စုံ ၊ မီးစက် ၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က သေဆုံးသူ အလောင်း ၈ လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
လက်ယက်စခန်းသိမ်းတိုက်ပွဲကို ရန်ကုန်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း(၇) တပ်ခွဲ(၁)က ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။