ရွှေဖီမြေ၊ ဇူလိုင် ၆ ရက်၊ မကွေး
မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီကျော်နဲ့ ၅ နာရီအကျော်မှာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို ၁၄ကြိမ်ထက်မနည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက “လေကြောင်းတိုက်ခိုက်မှုကတော့ အကြိမ်ပေါင်းများစွာလုပ်တယ်။ ၁၄ ကြိမ်တိုင်တိုင် ဗုံးလာကြဲတယ်။ အခုသူတို့စစ်ကြောင်းက လက်နက်ကြီးတွေ အရမ်းသုံးတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာလည်း ၆၀ မမ တွေနဲ့ အဆက်မပြတ် တစ်ချိန်လုံး ပစ်နေကြတာ။ အခုလည်း လက်နက်ကြီးတွေ ပစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေဟာ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး၊ အသက် ၄၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦး၊ အသက် ၅၀ ကျော်ရှိတဲ့ အမျိုးသား ၂ ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင် ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ ၆ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။