မိုင်းပန်ပျော်၊ ဩဂုတ် ၂၀ ရက်၊ မူဆယ်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသမီးတစ်ဦးဟာ မူဆယ်မြို့မှာ အလုပ်သွားလုပ်ရာကနေ ပြည့်တန်ဆာရုံတစ်ခုမှာ ရောင်းစားခံခဲ့ရပြီး သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နမ့်ခမ်းမြို့နယ် မန်စပ်အုပ်စုက အမျိုးသမီးတစ်ဦးဟာ မူဆယ်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက် ညနေပိုင်းမှာ လိမ်လည်ခေါ်ဆောင်ခံရပြီး ဆင်ဖြူဂိတ်အနီးမှာရှိတဲ့ ပြည့်တန်ဆာရုံမှာ ရောင်းစားခံခဲ့ရတယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။
“၁၄ ရက်နေ့က ကျမနမ့်ခမ်းကနေ မူဆယ်မှာရှိတဲ့ ဂိမ်းဆိုင်မှာ အလုပ်လုပ်ဖို့သွားတာ။ ဟိုမှာရောက်တော့ အလုပ်ရှင်က လူမလိုတော့ဘူးလို့ဆိုပြီး နောက်ထပ်တစ်နေရာကို ယောက်ကျားလေးနှစ်ယောက် လာကြိုခိုင်းတာ။ ဟိုမှာရောက်တော့ သူတို့က ရေမိုးချိုးခိုင်းပြီး အလှပြင်ခိုင်းတယ်။ အဲချိန်မှ ဒီမှာ ပြည့်တန်ဆာရုံမှန်းသိတယ်” လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။
ပြည့်တန်ဆာရုံမှန်း သိရှိပြီးနောက် မူဆယ်မှာရှိတဲ့ အသိတစ်ဦးထံ ဆက်သွယ်အကူအညီတောင်းခံကာ လွတ်မြောက်လာခဲ့တာ ဆိုပါတယ်။
“ပြည်တန်ဆာရုံမှန်းသိတော့ ကျမကလည်း သူများဖုန်းငှားပြီး မူဆယ်မှာရှိတဲ့ သူငယ်ချင်းယောက်ကျားလေးတစ်ယောက်ဆီ အကူညီတောင်းလိုက်တာ။ သူလည်းလာပြီး လူခေါ်ချင်ယောင်ဆောင်နဲ့ ကျမကို ခေါ်ထွက်လိုက်တာ။ အဲဒါမှ လွတ်လာတာ” လို့ သူမက ပြောပါတယ်။
သူမပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ဖုန်းနဲ့ ငွေကြေးတချို့အပါအဝင် ကိုယ်ပိုင်ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ မူဆယ်မြို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ လှုပ်ရှားနေတဲ့ မြို့တစ်မြို့ဖြစ်သလို လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေ ပေါများတာကြောင့် ဓားပြတိုက်မှု၊ ခိုးမှု၊ လူကုန်ကူးမှုနဲ့ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားတဲ့မြို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့က အသက် ၁၅ နှစ်အရွယ် ကျောင်းသူ ၃ ဦးဟာ မူဆယ်မြို့ကို အလုပ်သွားလုပ်ရာကနေ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။