ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ နမ္မတူ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတစ်ဦး အချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အဲဒီအချုပ်သားဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းမှာ အချုပ်ဖောက်ကာ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ် ၂၀ ရက်အထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဖြစ်စဉ်သိရှိသူ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူ့ကို ထောင်အောက်ထပ်မှာ ထားတာ။ သစ်သားပြားတစ်ချောင်းက နည်းနည်းဆွေးတော့ သူကန်ပြီးတော့ ထွက်ပြေးသွားတာ” လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သားဟာ အနိုင်အေးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်မှာ နမ္မတူမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းမှုနဲ့ တအာင်းတပ်ဘက်က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
အဲဒီနေအိမ်ဖောက်ထွင်းမှုအတွင်း ရွှေနဲ့ ငွေသားတွေအပါအဝင် တန်ဖိုး သိန်း ၄၀၀ ကျော် ပါသွားတယ်လို့ အိမ်ရှင်ဖြစ်သူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။