အလင်း၊ ဇူလိုင် ၆ ရက်၊ ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ထောက်ပို့တပ်ရင်းက တပ်သား ၃ ဦးကို ရပ်ကွက်လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ်လုယက်မှု ကျူးလွန်နေစဥ် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့၊ ည ၈ နာရီခန့်မှာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီရပ်ကွက်အတွင်း ဆိုင်ကယ်လုယက်မှုနဲ့ အနုကြမ်းစီးမှုတွေ မကြာခဏ ဖြစ်ပွါးနေတာကြောင့် ရပ်ကွက်လူငယ်တွေက ရဲစခန်းနဲ့ ညှိနှိုင်းကာ ဇူလိုင် ၂ ရက်နေ့မှစတင်၍ ည ၉ နာရီအထိ ပူးပေါင်းကင်းလှည့်နေစဉ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
“ကလေးအခြေစိုက် ထောက်ပို့တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်လုယက်မှု ကျူးလွန်နေစဥ် ဖမ်းမိတာပါ။ ကျတော်တို့ ရပ်ကွက်ထဲမှာ ဆိုင်ကယ်လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလို့ ရပ်ကွက်ထဲ လူငယ်တွေက လုံခြုံရေးကင်းလှည့်နေချိန်မှာ ဖမ်းမိနိုင်ခဲ့တာပါ။”လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကင်းလှည့်နေစဉ် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ရပ်ကွက်လူငယ်တွေက လိုက်လံပိတ်ဆို့ဖမ်းဆီးရာမှ စစ်ကောင်စီ တပ်သား ၃ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့ထံက စစ်ယူနီဖောင်းနဲ့ လက်ထိတ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းတို့က KTV သွားရန် အပြင်ထွက်လာတာဖြစ်ကြောင်း ခုခံထွက်ဆိုသော်လည်း ဖြစ်စဉ်နေရာမှာ KTV မရှိသဖြင့် စစ်ဆေးမှုတွေ ပိုမိုပြုလုပ်ခဲ့ရပါတယ
ဖမ်းဆီးခံရသူတွေကို ညတွင်းချင်းပင် သက်ဆိုင်ရာ ထောက်ပို့တပ်ရင်းကို ပြန်လည်အပ်နှံခဲ့ပေမဲ့ ၎င်းတို့ရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီးနောက် အရင်က လုယက်ခံခဲ့ရတဲ့ ဒေသခံတွေ အဆိုပါ တပ်သားတွေကို မှတ်မိသဖြင့် အမှုဖွင့်တိုင်ကြားလိုကြောင်း ဆက်သွယ်လာမှုတွေရှိနေတယ်လို့ သိရပါတယ်။
“ရပ်ကွက်ထဲက လူကြီးတွေက အရေးယူနိုင်ဖို့ သူတို့ထောက်ပို့တပ်ရင်းဆီကို အပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ မသိရသေးဘူး။ ဒီကြားထဲ အရင်ကလုယက်ခံရတဲ့ ပြည်သူတွေက အမှုဖွင့်ဖို့ တိုင်ကြားတာလည်း အများကြီး ဆက်သွယ်လာတယ်။”လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိမှာ ရဲစခန်းက နစ်နာသူတွေကိုယ်တိုင် လာရောက်ထွက်ဆိုမှသာ အမှုဖွင့်ပေးမယ်လို့ အကြောင်းပြန်ထားသဖြင့် နစ်နာသူတွေကို ရဲစခန်းမှာ တိုင်ကြားဖို့ ရပ်ကွက်လူငယ်တွေက တိုက်တွန်းထားကြောင်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။