ရွှေဖီမြေ၊ ဇူလိုင် ၅ ရက်၊ မိုးမိတ်
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ တာဝန်ထမ်းဆောင်မယ့် ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီဘက်က အသင့်ပြင်ထားခိုင်းတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီရဲ့ ညွှန်ကြားချက်ထဲမှာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မိုးမိတ်မြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းတွေကို အသင့်ပြင်ထားဖို့နဲ့ လစ်လပ်နေတဲ့ ဌာနတွေမှာ ဝန်ထမ်း အမြန်ခန့်အပ်ဖို့ ဖော်ပြထားတာ တွေ့ရပါတယ်။
လက်ရှိ မိုးမိတ်မြို့မှာ မြို့ခံအများစု နေရပ်ပြန်လာကြပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို လက်ရှိအချိန်အထိ မပြုပြင်နိုင်သေးဘူးလို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခုထိ ပျက်စီးသွားတဲ့ အိမ်တွေ မပြင်နိုင်သေးဘူး။ လူထုတွေအများစုတော့ ပြန်လာကြပြီ။ အကုန်လုံးတော့ မလာသေးဘူးပေါ့။ မိုးမိတ်မြို့မဈေးလည်း ပြန်ဖွင့်မယ့်သတင်း မကြားသေးဘူး။ ဝန်ထမ်းတွေ လာမယ်လို့တော့ ကြားတယ်။ အခုထိ မလာသေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ခွင့်ရတာ ၈ လကျော်ကြာရှိလာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီလို့ မိုးကုတ်ဒေသခံတွေဆီက သိရပါတယ်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။