ရွှေဖီမြေ၊ ဇူလိုင်လ ၇ ရက်၊ မန်တုံ
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အလင်းသစ်ပညာရေးဘော်ဒါဆောင်က ကျောင်းသား ၃ ဦးကို ၅ ရက်ကြာတဲ့အထိ ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာတော့ ဘော်ဒါဆောင်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျောင်းမတက်ချင်လို့ မိုးမိတ်ဘက်သွားလိုက်တာ။ မိုးမိတ်ကတစ်ယောက် သူ့တို့နှစ်ယောက်ကို အဲဘက် ခေါ်သွားတာ။ တုံကြီးအနားမှာပဲ ရောက်ပြီး သူတို့ လှည့်ပြန်လာတယ်။ သူများကားနဲ့ ဆိုင်ကယ်တွေ့ရင် သူတို့နှစ်ယောက်က တားပြီး ပြန်လိုက်လာတာ။ ဆိုင်ကယ်သမားက သူတို့နှစ်ယောက်ကို မန်တုံအထိလိုက်ပို့ပေးပြီး သူတို့နှစ်ယောက်က အဲကနေ ဘော်ဒါဆောင်အထိ လမ်းလျှောက်လာတာ။ ဘယ်လိုမေးမေး ကျောင်းမတက်ချင်တော့ဘူးပဲပြောတယ်။ အခုလောလောဆယ်တော့ သူတို့နှစ်ယောက်ရဲ့အကြောင်းပြချက်က ကျောင်းမတက်ချင်တော့ဘူး အဆိုတော်ပဲလုပ်ချင်တယ်လို့ပဲ ပြောတယ်။ မိုးမိတ်ကတစ်ယောက်တော့ ဘော်ဒါဆောင်ဘက် ပြန်မလာတော့ဘူး။ သူတို့ရွာမှာ ကားစပယ်ယာအလုပ်နဲ့ပဲ လုပ်သွားမယ်လို့ ပြောတယ်”
မိုင်းညီအောင်မြင့်၊ မောင်နိုင်ဝင်းရွှေနဲ့ မောင်တိုးတက်အောင်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာကျောင်းသွားရာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ ညီအောင်မြင့်၊ မောင်နိုင်ဝင်းရွှေနဲ့ မောင်တိုးတက်အောင်တို့ဟာ အလင်းသစ်ပညာရေးဘော်ဒါဆောင်မှာ နေထိုင်ပြီး မန်တုံမြို့ အထက ကျောင်းမှာ ပညာသင်ယူနေတဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ်ရှိတဲ့ ညီအောင်မြင့်နဲ့ မောင်နိုင်ဝင်းရွှေတို့ဟာ မိုင်းဝီးဒေသ နောရဲဝ်ကျေးရွာက ဒေသခံဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ရှိတဲ့ မောင်တိုးတက်အောင်ဆိုသူကတော့ မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာက ဒေသခံဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။