မြတ်နိုး၊ ဩဂုတ် ၃၁ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့ကနေ ၁၀၅ မိုင်ဘက်အထွက် AA နဲ့ MNDAA စစ်ဆေးရေးဂိတ်မှာ ဒီနေ့ ဩဂုတ် ၂၉ ရက် နေ့လယ် ၁ နာရီကျော်က စစ်ဆေးရေးတာဝန်ကျ ရဲဘော်တွေကို လိုက်တိုက်တဲ့ ကားသမားတစ်ယောက် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကားသမားတစ်ယောက် ဆေးကြောင်တာထင်တယ်။ စစ်ဆေးရေးဂိတ်က ရခိုင်စစ်သားတွေကို ကားနဲ့ လိုက်တိုက်တာ။ အဲဒါကြောင့် အဲဒီကားသမား ပစ်သတ်ခံရတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်- AA နဲ့ ကိုးကန့်တပ်- MNDAA စစ်ဆေးရေးဂိတ်က တာဝန်ကျ ရဲဘော်တွေကို ကားနဲ့ လိုက်တိုက်တဲ့ ကားသမားကို လိုက်လံ ပစ်ခတ်နေချိန် ၁ နာရီနီးပါးကြာ ကားလမ်းပါ ပိတ်လိုက်တယ်လို့ သူက ပြောပါတယ်။
“AA ရဲဘော် ဘာမှမဖြစ်ဘူး။ အဲဒီ ကားသမား အမျိုးသမီးပဲ သေသွားတာလို့ ပြောတယ်။ အဲလိုမျိုး နေရာတကာ ဗိုလ်ကျတဲ့လူနေမှာပေါ့။ စစ်ဆေးရေးဂိတ်တောင် ကားနဲ့ သွားတိုက်တာ။ ဦးနှောက်မရှိလို့ပေါ့” လို့ နယ်စပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
ဒေသခံတချို့ကတော့ MNDAA နဲ့ AA တပ်ဖွဲ့ ပုံမှန် စစ်ဆေးရေးလုပ်တဲ့ဂိတ်မှာ ကားသမားက ဘန်ကာကို တိုက်သွားပြီး တားဆီးတာကို ရပ်တန့် အစစ်ဆေးမခံတာကြောင့် လုံခြုံရေးအရ လိုက်လံ ပစ်ခတ်ရာမှာ ကားသမား ထိမှန်ခဲ့တာလို့ လည်း ပြောပါတယ်။
ပစ်ခတ်ခံရပြီး သေဆုံးသူဟာ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ပြောဆိုကြပေမဲ့ ရွှေဖီမြေက သီးခြားအတည်ပြုချက် မရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာလည်း မူဆယ်-နမ့်ခမ်း လမ်းပေါ်ရှိ KIA စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ ထောက်လှမ်းရေး သံသယရှိသူ ပါဝင်တဲ့ ကားတစ်စီးကို တားဆီးရာ မရပ်တန့်ပဲ မောင်းပြေးလို့ လိုက်လံ ပစ်ခတ်ရာက တခြားကားပေါ်က ဒေသခံ ကားသမားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။