ရွှေဖီမြေ၊ သြဂုတ် ၃၀ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ရှိ တအာင်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ တအာင်းစာပေ ညီလာခံကို ကျင်းပပြီးစီးခဲ့ပါတယ်။
တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးကို ရည်ရွယ်ပြီး တအာင်းစာအဖွဲ့- TLA က ဦးဆောင်ပြီးတော့ သြဂုတ် ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကျင်းပခဲ့တာပါ။
ညီလာခံသို့ PSLF/TNLA ရဲ့ ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်းနဲ့ တအာင်းစာပေပညာရှင်၊ တအာင်းသံဃာတော်၊ တအာင်းစာပေကော်မရှင်အဖွဲ့၊ တအာင်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီ၊ တအာင်းပါတီ၊ တအာင်းအရပ်ဘက်အဖွဲ့အစည်း၊ ပညာရေးဝန်ထမ်း၊ တအာင်းစာပေကို စိတ်ဝင်စားသူနဲ့ လူထုအပါအဝင် လူဦးရေ ၂၀၀ ဦး တက်ရောက်ခဲ့ကြောင်း တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ညီလာခံကနေ တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး တအာင်းရုံးသုံးစာရဲ့ အခြေခံမူ (၁၀)ချက်ကို ဆက်လက် အတည်ပြုကျင့်သုံးဖို့နဲ့ အရင်က အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းစဉ်ကို အတည်ပြုဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တအာင်းရုံးသုံးစာပေကော်မရှင်အဖွဲ့ရဲ့ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့တာကြောင့် ကော်မရှင်အဖွဲ့ကို ပြန်လည်ရုပ်သိမ်းဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
တအာင်းပြည် ပညာရေးကောင်စီ- TLEC ရဲ့ သင်ရိုးညွှန်းတမ်းထဲ တအာင်းရုံးသုံးစာကို အထက်တန်းအဆင့်အထိ သင်ကြားပို့ချနိုင်ရေး စနစ်တကျ ပြုစုပျိုးထောင်ဖို့၊ တအာင်းစာအဖွဲ့နဲ့ စာပေ ယဉ်ကျေးမှုအဖွဲ့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ တအာင်းစာအဖွဲ့ထဲ တတ်သိပညာရှင်တွေ လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖြည့်တင်းအားကောင်းလာစေဖို့ စတဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။