ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် သီပေါမြို့ပေါ် ဆိုင်ကယ် ခိုးခံရတာတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့ ဝက်ဝံဈေးမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကနေ ဒီနေ့ ဩဂုတ် ၂၉ ရက်အထိ ရက် ၂၀ နီးပါးအတွင်း ဆိုင်ကယ် ၄ စီး ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
သီပေါမြို့ခံတစ်ဦးက “ဈေးဘက်မှာက ဆိုင်ကယ် ခဏခဏ ပျောက်တယ်။ ကျနော်တို့ဆို ဈေးဘက်သွားရင် ကလေးကို ဆိုင်ကယ်မှာပဲ စောင့်ခိုင်းတာ ဆိုင်ကယ်ပျောက်မှာဆိုးလို့။ အဲဒီဈေးမှာပဲ ကျနော့်ရဲ့ဆိုင်ကယ်တစ်စီး ပျောက်ပြီးပြီ” လို့ ပြောပါတယ်။
ဆိုင်ကယ် ခိုးခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေထံ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ တရားခံ ဖမ်းမိတာ မရှိဘူးလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“ဒီလထဲလည်း နေအိမ် ဖောက်ခံရတာက ၅ အိမ် မကတော့ဘူး။ တချို့အိမ်ကျ နံရံတွေ ဖောက်ပြီး ဝင်တာတွေ ရှိတယ်။ ကြားသလောက်တော့ သူခိုးအဖွဲ့က ၄ ဖွဲ့လောက် ရှိတယ်ပေါ့လေ။ တစ်ဖွဲ့ကို ၅ ယောက်လား ၁၀ ယောက်လား သူ့ဟာသူ အဖွဲ့တွေ ရှိကြတာ” လို့ နောက်ထပ် သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် ညပိုင်းကလည်း သီပေါမြို့နယ် ညောင်ကိုးပင်ရွာမှာ ကလေးတွေသာ ရှိနေတဲ့ နေအိမ်ကို အမျိုးသား ၂ ဦးက သေနတ်နဲ့ ခြိမ်းခြောက်ကာ ဓားပြတိုက်တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
သီပေါမှာ အခုလို ဆိုင်ကယ် မကြာခဏ ခိုးခံရတာ၊ နေအိမ် ဖောက်ထွင်းခံရတာ၊ ဓားပြ တိုက်ခံရတာတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုံခြုံရေး တင်းကြပ်ပေးဖို့ ဒေသခံတွေ လိုလားနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။