ယာရူစိင်၊ ဇူလိုင် ၆ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့က အုပ်ချုပ်ရေးမှူးဟာ လုံခြုံရေးအကြောင်းပြပြီး ဒေသခံတွေအနေနဲ့ သူခိုး၊ဓားပြတွေ မဖမ်းဆီးဖို့ ပြောဆ်ိုနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့မှာ ဖြစ်ပွါးနေတဲ့ နေအိမ်ဖောက်ထွင်းမှု၊ သေနတ်ထောက်ပြီး ဓားပြတိုက်မှုနဲ့ ခိုးမှုတွေပြုလုပ်နေတဲ့ တရားခံတွေကို ဒေသခံတွေအတွက် လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တာကြောင့် လိုက်လံဖမ်းဆီးတာ မလုပ်ဖို့ ပြောကြားတာလို့ ဆိုပါတယ်။
“ဓားပြတိုက်မှု ဖြစ်သွားရင်လည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင်က အမှုကို ထပ်မလိုက်ဖို့ ပြောတာမျိုးတွေ လုပ်နေတာ။ ဖြစ်တဲ့အခါတိုင်းမှာလည်း ဘယ်သူဆီမှ တာဝန်မရှိတော့သလိုပဲ”
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် ညနက်ပိုင်း သီပေါမြို့ ညောင်ကိုးပင်ရွာမှာ ကလေးတွေသာ ရှိနေတဲ့ နေအိမ်ကို အမျိုးသား ၂ ဦးက သေနတ်နဲ့ ခြိမ်းခြောက်ကာ ဓားပြ တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ကလေးတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး စစ်ဆေးမှုကို ရပ်တန့်ခဲ့ပါတယ်။
“နောက်ဆို ကလေးတွေပဲ ကျန်မှာဆိုပြီး အဲဓားပြ ၂ ယောက်ကို လိုက်မဖမ်းတော့ဘူးတဲ့။ တကယ်ဆို သူခိုး၊ ဓားပြဆိုတာက အခုလို လိုက်မဖမ်းလို့ ပိုဆိုးနေတာလေ။ ခိုးတာတွေ မကြာခဏဖြစ်လည်း ကံကြောင့်လို့ပဲ မှတ်ယူနေရတာ”လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရဲစခန်းဘက်ကလည်း ဒေသခံတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး သတိရှိရှိနဲ့ နေထိုင်ကြဖို့ကိုသာ မှာကြားခဲ့တယ်လို့ ပြောပါတယ်။
သီပေါမှာ အခုလို နေအိမ် ဖောက်ထွင်းခံရတာ၊ ဆိုင်ကယ် ခိုးခံရတာနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ လုံခြုံးရေးအတွက် စိုးရိမ်နေကြတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားခံတွေကို စစ်ဆေးဖမ်းဆီးပေးဖို့ တောင်းဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။