ရွှေဖီမြေ၊ ဩဂုတ် ၂၇ ရက်
“ဝ” ဒေသအတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား စုစုပေါင်း ၇၂ ဦးကို “ဝ” ပြည်တရားရေးကော်မတီးက ဖမ်းဆီးပြီး ဆက်စပ်ပစ္စည်းတွေနဲ့အတူ တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလွှဲပြောင်းမှုဟာ နယ်စပ်ဖြတ်ကျော်တယ်လီဖုန်းနဲ့ အင်တာနက်ကွန်ရက်အသုံးပြု လိမ်လည်မှုတွေကို တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ “ဝ” ပြည်ရဲတပ်ဖွဲ့တို့ နှစ်ဖက်ပူးပေါင်းတိုက်ဖျက်ရာမှာ အရေးကြီးတဲ့ နောက်ထပ် အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
“ဝ” က ၂၀၂၆ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံသား ကျားဖျန့်တွေကို ဖမ်းဆီးပြီးပြန်ပို့တာဟာ အခုဩဂုတ်လအထိဆိုရင် ၅၀၃ ဦးအထိရှိပြီဖြစ်သလို “ဝ”ဒေသထဲ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၀၀၀ ကျော် ပြန်ပို့နိုင်ခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ရှေ့ဆက် “ဝ” ဟာ တရုတ်နိုင်ငံ ဥပဒေစိုးမိုးရေးဌာနတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ပြီးတော့ ကျားဖျန့်တိုက်ဖျက်ရေးနဲ့ ကြိုတင်ကာကွယ်ရေးကွန်ရက်ကို တင်းကျပ်ခိုင်မာအောင် တည်ဆောက်သွားမယ်လို့ ပြောဆိုထားပါတယ်။
“ဝ”တပ်နဲ့နည်းတူ မိုင်းလားနဲ့ကိုးကန့်တပ်တွေကလည်း ကျားဖြန့်တွေကို မကြာခဏဖမ်းဆီးပြီး တရုတ်ဘက်ကို ပ်ို့နေပေမယ့် လက်ရှိအချိန်ထိ ကျားဖြန့်တွေဟာ နေရာပြောင်းရွှေ့လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။