ရွှေဖီမြေ၊ ဩဂုတ် ၂၇ ရက်၊ မိုင်းရယ်
ရှမ်းမြောက် မိုင်းရယ်မြို့နယ်အတွင်းမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ မနေ့က ဩဂုတ်လ ၂၆ ရက် မနက်ပိုင်းမှာ မိုင်းရယ်မြို့နယ်ရဲ့ အရှေ့တောင်ဘက်၊ မန်ဖိုင်ကျေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ တဲတစ်လုံးကို ဝင်ရောက်စစ်ဆေးရာကနေ ကျားဖြန့်လုပ်ကိုင်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသား ၃ ဦးနဲ့အတူ အွန်လိုင်းငွေလိမ်မှုနဲ့ လောင်းကစားလုပ်ငန်းတွေမှာ အသုံးပြုတဲ့ အဆောက်အအုံ ၁ လုံး၊ ဖုန်းအမျိုးမျိုး ၂၅ လုံး၊ All-in-Link ကွန်ပျူတာ ၅ လုံး၊ စကားပြောစက် ၁၀ လုံးနဲ့ အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ တရားမဝင်ဆောက်လုပ်ထားတဲ့ လူနေတဲတွေ၊ လုပ်ငန်းသုံးတဲတွေကိုလည်း စနစ်တကျ ဖြိုချဖျက်ဆီးသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။