ရွှေဖီမြေ၊ ဧပြီ ၂၇ ရက်
“ဝ” တပ်မတော် – UWSA က ၎င်းအဖွဲ့ဝင် ထိပ်တန်းခေါင်ဆောင် ၂ ဦးကို အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကော်မတီဝင်အဖွဲ့ဝင်ကနေ ဖယ်ရှားကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ “ဝ”တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အရေးယူခံရတဲ့ ခေါင်းဆောင် ၂ ဦးဟာ တရားရေးကော်မတီ ရဲဌာနအကြီးအကဲ ကျောင်ကာလျန်း (Zhao Guoliang) နဲ့ တရားရေးကော်မတီ စစ်ဆေးရေးဌာန ရုံးညွှန်ကြားရေးမှုး ကျောင်အာရှန်း (Zhao Exiang) တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျောင်ကာလျန်း (Zhao Guoliang) က ရာထူးအာဏာကို အသုံးချပြီး ဗဟိုညွှန်ကြားချက်တွေကို ချိုးဖောက်ကာ မိသားစုနဲ့ လက်အောက်ခံအဖွဲ့တွေကို အွန်လိုင်းလိမ်လည် (ကျားဖျန့်) သို့မဟုတ် ဖုန်းခေါ်လိမ်လည်မှု (telecom fraud) လုပ်ငန်းတွေ လုပ်စေခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်အာရှန်း (Zhao Exiang) ကတော့ ကျားဖျန့်တွေကို နေရာပေးတာ၊ အိမ်ငှားခ လက်ခံတာ၊ ကျားဖျန့်တွေကို ဖုံးကွယ်ပေးတာတွေနဲ့ ကာကွယ်ပေးတာတွေလုပ်ပေးတယ်လို့ ပြောပါတယ်။
နှစ်ဦးစလုံးကို UWSA တပ်ဖွဲ့ဝင်အဖြစ်က လုံးလုံးဖယ်ရှားပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ဆီ ချမှတ်ကာ အရာရှိအားလုံးအနေနဲ့လည်း ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး စည်းကမ်းလိုက်နာဖို့ သတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။