ရွှေဖီမြေ၊ မေလ ၁၄ ရက်၊ မက်မန်း
ရှမ်းမြောက် မက်မန်းမြို့နယ်ထဲ သံလွင်မြစ်အနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၉၀ ဦးနဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
သံလွင်မြစ်အနီးမှာရှိတဲ့ ကျားဖြန်ရုံတွေကို စစ်တပ်က မနေ့ မေလ ၁၃ ရက် မနက် ၇ နာရီခွဲမှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက် ညနေ ၄ နာရီမှာလည်း မက်မန်းမြို့ရဲ့ အနောက်တောင်ဘက် သံလွင်မြစ်အနီးမှာ ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ အဆောက်အဦးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်ကလည်း ရှမ်းတောင် လဲချားမြို့နယ်နဲ့ ကျိုင်းတောင်းမြို့အနီးမှာ စစ်တပ်က ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦး အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တရုတ်နဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် ကျားဖြန်လုပ်ငန်းတွေကို နှိမ်နင်းနေပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာအနှံ့မှာ ကျားဖြန်ရုံတွေ ဆက်လက် လည်ပတ်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။