ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်၊ လောက်ကိုင်
ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကျားဖြန်ငွေလိမ်ဂိုဏ်းဆီကနေ သိမ်းဆည်းရမိတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ပြီး ကျဆုံးသွားတဲ့ ရဲဘော်မိသားစုဝင်နဲ့ ဒဏ်ရာရ ရဲဘော်တွေကို ခွဲဝေပေးခဲ့ကြောင်း ကိုးကန့်တပ်- MNDAA က ထုတ်ပြန်ပါတယ်။
အိမ်ရာ ခွဲဝေပေးတာကို ဇူလိုင် ၂၆ ရက်ကနေ မနက်ဖြန် ဇူလိုင် ၂၉ ရက်အထိ ပြုလုပ်ပေးမှာဖြစ်ပြီး ခံစားခွင့် ရရှိတဲ့သူတွေထဲ ကျဆုံးရဲဘော် မိသားစုဝင်၊ ဒဏ်ရာရ ရဲဘော်၊ ရဲဘော်ဟောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အိမ်ရာတွေကို မဲနှိုက်ပြီး ခွဲဝေပေးခဲ့ကာ တိုက်ခန်းတွေကို သက်သေခံလက်မှတ် ထုတ်ပေးတာနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ကုန်းဆာ ကြွင်းရွှေ့ (Jun Yue)၊ တုံချိန် ကြွင်းထိုက် (Jun Tai)၊ ပေါက်ပေါက်ကျိုက် ကြွင်းယောက် (Jun Yao)နဲ့ ထင်ပါကျိုက်ကြွင်းရှိ အိမ်ရာ ၄ ခုကို ပြင်ဆင်ပြီး ခွဲဝေပေးသွားမယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျားဖြန်ဂိုဏ်းခေါင်းဆောင်တွေဖြစ်တဲ့ ကိုးကန့်သူဌေးမိသားစု ၄ ခု ပိုင်ဆိုင်တဲ့ အဆောက်အအုံအများစုကို MNDAA က သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။