ရွှေဖီမြေ၊ ဩဂုတ် ၂၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ခုမှာ စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနဲ့ မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
၎င်းလူတွေနဲ့အတူ အွန်လိုင်းကနေ ငွေ လိမ်လည်ရာမှာ အသုံးပြုတဲ့ ဖုန်း ၇၇ လုံး၊ ကွန်ပျူတာ ၃ လုံး၊ Laptop ၁ လုံးနဲ့ အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၆၀ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကလည်း မူဆယ်က ကျားဖျန့်လုပ်ငန်းတစ်ခုကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး စုစုပေါင်း လူ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
မူဆယ်မြို့မှာ ကျားဖျန်တွေကို မကြာခဏ ဖမ်းဆီးနေတာတွေကြောင့် ကျားဖျန့်တွေဟာ မူဆယ်ပြင်ပဘက် ပြောင်းရွှေ့လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။