အလင်း၊ သြဂုတ် ၃၁ ရက်၊ တွန်းဇံ
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်- ZRA ရဲ့ ချင်းပြည်နယ် တွန်းဇံမြို့အနီး နတ်ဇံရွာရှိ တပ်စခန်းကို ချင်းကာကွယ်ရေးတပ် (တွန်းဇံ)က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ZRA တပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက် မနက်က CDF-Tonzang က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“တွန်းဇံမြို့အနားမှာရှိတဲ့ ZRA ရဲ့ စခန်းတစ်ခုပါ။ ဒီမနက်မှာ CDF တွေကနေပြီး ဝင်စီးပြီး သိမ်းပိုက်သွားတယ်။ ZRA ရဲဘော်တွေ ထွက်ပြေးသွားကြတော့ တိုက်ပွဲက ခဏလေးနဲ့ ပြီးသွားတယ်” လို့ တွန်းဇံဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ZRA ဘက်က ထိခိုက်ဒဏ်ရာ ရရှိသူတွေ များပြီး ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ CDF တွန်းဇံက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းစာရင်း အသေးစိတ်ကို စစ်ကြောင်းမှူးထံမှ သတင်းမရောက်ရှိသေးတဲ့အတွက် အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ZRA အဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး တွန်းဇံမြို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အပြင် အပြစ်မဲ့ စစ်ဘေးရှောင်တစ်ဦး သတ်ဖြတ်ခဲ့မှုအပေါ် ကလဲ့စားချေတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ZRA ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို ပြီးခဲ့တဲ့ မေလတုန်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။