ပပ၊ ဩဂုတ် ၂၄ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဩဂုတ် ၂၃ ရက် ည ၈ နာရီဝန်းကျင်မှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့တွင်း ၄ လမ်းရှိ လိုမာ ဟိုတယ်အနီးမှာ အသက် ၃၀ ကျော်အရွယ် အလောင်းနဲ့အတူ ဘေးမှာ ကျည်ဆံ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
မြို့ခံအမျိုးသားက “ပစ်တဲ့အချိန် အနီးအနားက အိမ်တွေလည်း သတိမထားမိဘူး။ အသံတော့ ကြားကြတယ်တဲ့။ အနီးကပ် ပစ်တာဆိုတော့ အသံ အဲလောက်မကျယ်တာဖြစ်မယ်” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ အမျိုးသားဟာ ဆန်ဆိုင်း (က)ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် စိုင်းလှ ဖြစ်တယ်လို့ ၎င်းနဲ့အတူ ပါလာတဲ့ မှတ်ပုံတင်အရ သိရပါတယ်။
မနေ့ည ၈ နာရီမှစ စစ်တပ်နဲ့ရဲတပ်ဖွဲ့က တာချီလိတ်မြို့တွင်းရှိ ရပ်ကွက်တွေထဲ ကင်းလှည့်နေပြီး သွားလာတဲ့ လူထုတွေကို ရှောင်တခင် စစ်ဆေးနေကြောင်း နောက်ထပ် မြို့ခံအမျိုးသမီးက ပြောဆိုပါတယ်။
”မနေ့ည ၁၀ နာရီလောက် အပြင်ကနေ ပြန်လာတဲ့အချိန် ညဈေးနားက လမ်းမှာ စစ်ခံလိုက်ရသေးတယ်။ လက်ကိုင်အိတ် အကုန်ဖွင့်ကြည့်တယ်”
အလားတူဖြစ်စဉ်မျိုး တာချီလိတ်မြို့မှာ မကြာခဏ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် ဟန်ရေးပြအနေနဲ့ စစ်ကောင်စီက မြို့တွင်း ကင်းလှည့်တာတွေ လုပ်နေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။
တာချီလိတ်မှာ ကျားဖျန့်အပြင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး အလွယ်တကူ ရနေတာကြောင့် ဒေသခံတွေ မကြာခဏ ပစ်သတ်ခံရတာ၊ ဓားပြတိုက်ခံရတာနဲ့ ပြန်ပေးဆွဲခံရတာတွေ ဖြစ်ပွားနေတာကို တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။