ပို့လဘား၊ ဇူလိုင် ၈ ရက်၊ မူဆယ်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အမှိုက်ကား ပုံမှန်မလာတာကြောင့် အမှိုက်ကို ကြုံသလို စွန့်ပစ်နေရတာကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အနံ့ဆိုးတွေ နေ့တိုင်း ရှူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ရှိ ရပ်ကွက်အများစုနဲ့ ပြည်ထောင်စု လမ်းမပေါ်နဲ့ မြို့တွင်း စတဲ့နေရာတွေမှာ ဒေသခံတွေက အမှိုက်တွေကို စည်းကမ်းမဲ့ပစ်နေကြတဲ့အပြင် မြို့တွင်း အမှိုက်သိမ်းစည်ပင်ကားတွေကလည်း အချိန်မှန် မလာပေးတာကြောင့် အမှိုက်တွေစုပုံနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပိုက်ဆံကျတော့ သူတို့လတိုင်းပုံမှန်ကောက်တယ်။အမှိုက်ကား ကျတော့ ပုံမှန်မလာဘူး။ ကိုယ့်အိမ်ရှေ့မှာတွေရော လမ်းဘေးမှာတွေရော အမှိုက်တွေအပြည့်ပဲ။ ကြာလာရင် လူကြီးတွေရဲ့ ကျန်းမာရေးလည်း ထိကုန်မှာစိုးတယ်။ တချို့ကလည်း အမှိုက်တွေ ကြိုက်သလိုပစ်ကြတယ်။ ဈေးနားဘက်တွေမှာလည်း အဲလိုပဲ”
အမှိုက်တွေ အများအပြားစုပုံနေတတ်တဲ့နေရာဟာ မူဆယ်မြို့ စွမ်စော်၊ ကံ့ကော်လမ်းခွဲ မီးပွိုင့်၊ တော်ရွက်ရပ်ကွက်နဲ့ ဆင်ဖြူဂိတ်အနီး စတဲ့နေရာတွေဖြစ်ပြီး အမှိုက်ကားလည်း တစ်ပတ်မှ တစ်ကြိမ်လောက်သာ လာကြောင်း ဒေသခံတွေက ရွှေဖီမြေကိုပြောဆိုထားတာ ရှိခဲ့ဖူးပါတယ်။
နောက်ထပ် အမျိုးသားတစ်ဦးက”အခွန်ကတော့ လတိုင်းပုံမှန်လာကောက်တယ်။ အမှိုက်ကျတော့ ၂ရက်တခါလောက်တောင် ပုံမှန်လာမသိမ်းဘူး။ တချို့ရပ်ကွက်ဆို တစ်ပတ်နှစ်ပတ်မှ တခါလာတာ အဲလိုမျိုးဆို အမှိုက်တွေ စုပုံကြပြီလေ”
အမှိုက်ခွန်တော့ တစ်လကို တစ်အိမ် ၁ သောင်း၊ ဆိုင်ဖွင့်တဲ့သူ တွေဆိုရင် လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး တစ်လကို ၃ သောင်းကနေ ၅ သောင်း ကောက်ခံနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ မိုးတွင်းကာလမှာ တချို့ရပ်ကွက်ရှိ အမှိုက်တွေကြောင့် မိုးကြီးပါက ရေမြောင်းပိတ်စို့တာတွေဖြစ်ပြီး ရေကြီးရေလျှံတဲ့အထိ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။