ပို့လဘား၊ ဇူလိုင် ၄ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က နောင်တောကျေးရွာအုပ်စု ယာပြင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဦးခင်မောင်ဦးဟာ ကြံခင်းထဲမှာ ခြံစည်းရိုးခုတ်ရင်း မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “ညနေပိုင်းဘက် သူကြံခင်းထဲမှာပဲ နင်းမိတာ။ ကြံခင်းမှာ ခြံစည်းရိုးခုတ်ရင်းနဲ့ နင်းမိတာ။ သူ့ရဲ့ ဘယ်ဘက်ခြေထောက် ဖြတ်ခံရတယ်။ ပေါင်နားမှာလည်း ထိသေးတယ်”
အလားတူ တောင်ရှည်ရွာက အသက် ၈၀ နှစ်အရွယ်ရှိတဲ့ ဦးလှမောင်ကလည်း ပိုးစာပင်အမြစ်တွေရှင်းရင်း ဓားနဲ့ ခုတ်မိရာကနေ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
နောင်ချိုဒေသခံတွေဟာ ခြံရှင်းရင်း မိုင်းနင်းမိတာ၊
အလုပ်သွားရင်း မိုင်းနင်းမိတာနဲ့ နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းရင်း မိုင်းနင်းမိတာတွေ ဆက်တိုက်ဆိုသလို ရှိနေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်ပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
ရှမ်းမြောက်မှာ ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၅ လကျော်အတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။