ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ ညောင်လေးပင်
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ လူထု ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဓားစာခံဖြစ် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ကို အထိအခိုက်မရှိဘဲ ကယ်ထုတ်နိုင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ ၉ က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့သလို စစ်တပ်ဘက်ကလည်း ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့၊ KNLA တပ်ရင်း ၇၊ ၉ နဲ့ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကယ်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်
ပြီးခဲ့တဲ့ မတ်လ ၅ ရက်မှာ စစ်တပ်က ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာခံ ၁၆၀ ဦးကို ဖမ်းဆီးသွားပြီးတော့ မတ်လ ၇ ရက်မှာ ၎င်းစစ်ကြောင်းနဲ့ ကရင်တပ်မတော်- KNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗုံးကြဲလို့ ဖမ်းဆီးထားတဲ့ ဒေသခံ ၂၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးကိုတော့ သတ်ဖြတ်ခဲ့တယ်လို့ KNU က မတ်လ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။