မိရိုး၊ ဩဂုတ် ၇ ရက်၊ နွန်ထဘူရီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် ဘန်ခရူအိုင်မြို့မှာရှိတဲ့ ဒက်ဆီရင် နွန်ထဘူရီ (Debsirin Nonthaburi) စာသင်ကျောင်းမှာ ဒီနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသွားသူတွေထဲ ဆရာဆရာမ ၃ ဦး၊ ကျောင်းသားကျောင်းသူ ၃ ဦးနဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးကိုတော့ နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်ပေးထားပြီး အရေးပေါ် ဆေးကုသမှု ပေးနေရပါတယ်။

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သေနတ်ပစ်ခတ်မှု ကျူးလွန်သူဟာ စာသင်ကျောင်းက ကျောင်းသားတစ်ဦး ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ အတည်ပြုဖော်ပြထားပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေက ကျောင်းဝင်းအတွင်း ရှာဖွေစစ်ဆေးတာနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ကျောင်းသားကျောင်းသူ၊ ဆရာဆရာမနဲ့ ဝန်ထမ်းတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီးပြီ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ခရီးစဉ် ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။