ရွှေဖီမြေ၊ သြဂုတ် ၆ ရက်၊ သီပေါ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် သီပေါ-လားရှိုးကြားရှိ ဒုဌဝတီမြစ်ရေ တက်လာပြီး သီပေါတံတားမှာ လှေနဲ့ ကမ်းကူးတာကို ပိတ်ထားတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
မနေ့ သြဂုတ် ၅ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သီပေါတံတားနားအထိ မြစ်ရေ တက်လာကာ စက်လှေနဲ့ ကမ်းကူးတာကို ရပ်နားထားရပြီး ခရီးသည်တွေကိုသာ သီပေါတံတားပေါ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပြုထားတာ ဖြစ်ပါတယ်။
“ကမ်းကူးတာတော့ ပေးမဖြတ်တော့ဘူး။ လားရှိုးကနေ လာရင် သီပေါဘက်မှာ ကားတစ်စီးနဲ့ ပြန်လာကြိုပေးတာ။ သီပေါတံတားပေါ်က လူတော့ သွားလာလို့ရတယ်။ ကိုယ့်ပစ္စည်းကို သယ်ပြီး သီပေါဘက် ကားပြန်စီးပေါ့” လို့ ဒီနေ့ သြဂုတ် ၆ ရက်မှာ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒုဌဝတီမြစ်ရေ တက်လာတာကြောင့် သီပေါမြို့ထဲက အနိမ့်ပိုင်းရှိ ရပ်ကွက်တွေထဲ မနေ့ သြဂုတ် ၅ ရက်မှာ ရေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်က လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပိတ်ထားတာကြောင့် ခရီးသွားတွေက ချောင်းကနေ ဇက်ကူးပြီး ဖြတ်သန်းသွားလာနေရပါတယ်။
ရှမ်းမြောက် လားရှိုး-မန္တလေးကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို နယ်မြေတည်ငြိမ်မှု မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်လှစ်ပေးဖို့ အစီအစဉ် မရှိသေးကြောင်း စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
သီပေါတံတားကို ပိတ်ထားတာကြောင့် ခရီးသွားတွေက ချောင်းကနေ ဇက်ကူးပြီး ဖြတ်သန်းသွားလာနေရပြီး ရေထဲ မျှောပါသေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့ပြီလို့ သီပေါလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက လွှတ်တော်မှာ ပြောကြားခဲ့ဖူးပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သီပေါအပြင် ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်မြို့နယ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။