မြတ်နိုး၊ ဇူလိုင် ၁၈၊ အင်းတော်
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၇ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့ပြီး လက်နက်၊ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“အင်းတော်ကြီးဒေသ လုံးတုံ SNA စခန်းကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်တယ်။ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်။ စခန်းကုန်းနှစ်ခုထဲက SNA စခန်းကုန်းကို ရရှိခဲ့တာ” လို့ KIA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လုံးတုံရွာရှိ အဲဒီ SNA တပ်စခန်းအပါအဝင် တပ်စခန်းနှစ်ခုကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တိုက်ပွဲမှာ လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းကုန်းနှစ်ခုအနက် SNA တပ်ဖွဲ့ တပ်စွဲထားတဲ့ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး စခန်းအတွင်းရှိ လက်နက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်အမျိုးအစားနဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူးဘဲ စီစစ်နေဆဲ ဖြစ်တယ်လို့ အဲစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု ဇူလိုင်လဆန်းပိုင်းကစပြီး လုံးတုံဘက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ SNA ထိန်းချုပ်ထားတဲ့ စခန်းကို KIA ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ဆိုပေမယ့် ဘယ်ဘက်ကမှ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။