ရွှေဖီမြေ၊ ဩဂုတ် ၁၉
၁၀၂၇စစ်ဆင်ရေးအတွင်း ကျားဖြန့်တွေကို နှိမ်နှင်းခဲ့ပြီးနောက် လောက်ကိုင်ဒေသမှာ ကျားဖြန့်တွေကို ပထအဆုံးကြိမ်အဖြစ် ကိုးကန့်တပ်-MNDAAက ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်နှံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ထဲမှာ တရုတ်ရဲ့ သတင်းပေးမှုကြောင့် လောက်ကိုင်မြို့နဲ့ တုံချိန်ရှိ ကျားဖြန့်ရုံတွေကို ကိုးကန်တပ်က ဝင်ရောက်ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်လိုက်တာဖြစ်ပါတယ်။
“အခု ဗီဒီယိုတွေတက်တာက တုံချိန်က 91 ဟိုတည်ထဲက ကျားဖြန့်တွေကို ဖမ်းတာ။ အဓိက တရုတ်သတင်းပေးလိုက်တဲ့အဖွဲ့တွေကို ဖမ်းတာ။ အဲနေရာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျားကျားဟွေ့ကတော့ အခြားမှာနေတာ။ သူ့ကို မမိဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တုံချိန်အပါအဝင် လောက်ကိုင်ထဲရှိ နေရာအချို့ရှိ ကျားဖြန့်လုပ်နေတဲ့အဖွဲ့ကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ အရေအတွက်ကိုတော့ မသိရပါဘူး။
အဲဒီဖမ်းဆီးရမိတဲ့ ကျားဖြန်တွေကို ကိုးကန့်တပ်က တရုတ်လက်ထဲ အပ်လိုက်ပေမယ့် ကိုးကန့်တပ်ဘက်ကတော့ အဲကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။