ဆုမွန်၊ ဩဂုတ် ၁၉ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့တဲ့ တရားခံအမျိုးသားကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က ဖမ်းဆီးထားကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ အမျိုးသားကို မနေ့ ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ ပန်ဂျရော့ကျေးရွာအတွင်းရှိ စိုက်ခင်းတစ်ခုထဲမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူနဲ့ အုပ်ချုပ်ရေးမှူး ပြဿနာဖြစ်တဲ့အချိန် ကြံခင်းထဲမှာ သူ့ဖုန်းပြုတ်ကျကျန်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးအလောင်း သွားသယ်တဲ့နေ့က အဲအနီးအနားမှာပဲ အဲဖုန်းတွေ့ခဲ့တာ။ အဲဖုန်းထဲမှာလည်း သူ့ပုံတွေ့ရတယ်။ အခု KIA တွေက သူ့ကို ဖမ်းဆီးထားတယ်။ နောက်လာမယ့် ၂၈ ရက်မှ တရားစီရင်တာတွေ လုပ်မယ်ပြောတယ်။ သူ့ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့ရတယ်။ အရင်က သူတို့နှစ်ယောက် ပြဿနာရှိတယ်လို့ ပြောရအောင်လည်း သူတို့နှစ်ယောက် နေတဲ့နေရာက နည်းနည်းဝေးတယ်။ တစ်ယောက်က ရပ်ကွက် ၄ မှာ နေတယ်။ တစ်ယောက်က ပန်ဂျရော့ဘက်မှာ နေတယ်” လို ပြောပါတယ်။

KIA ဖမ်းဆီးရမိထားတဲ့ အသက် ၄၅ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာ နေထိုင်သူဖြစ်ကြေင်း သိရပါတယ်။
ပြစ်မှုကျူးလွန်တဲ့ အဆိုပါအမျိုးသားကို KIA က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အဆိုပါ အမျိုးသားက ရွှေဖီမြေသို့ ပြောပါတယ်။
နမ့်ဖတ်ကာကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ဦးယိုင်လာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်မှာ ၎င်းရဲ့ ကြံခင်းထဲမှာပဲ ဓားခုတ်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။