ပပ၊ ဇူလိုင် ၃၁ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းနဲ့နီးစပ်တဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇူလိုင် ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဂိမ်းဆိုင်တစ်ခုမှာ သေနတ်ကိုင်တဲ့ အမျိုးသားတစ်ဦးက ဆိုင်ထဲက အမျိုးသားကို ဝင်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
၎င်းနဲ့နီးစပ်သူ အမျိုးသားက “ကျနော် သိရသလောက်က ကောင်မလေးက နှစ်ယောက် တွဲနေတာတဲ့။ သူ့ရဲ့ကောင်မလေးက နောက်ထပ် ကောင်လေးတစ်ယောက်နဲ့ ဆိုင်ထဲ ထိုင်နေကြတုန်းကို သူကတွေ့တော့ သေနတ်လုပြီး ပစ်လိုက်လို့ အဲမှာပဲ သေသွားတာ” လို့ ပြောပါတယ်။
သေနတ်ပစ်ခဲ့တဲ့ အမျိုးသားဟာ ဆိုင်ရှေ့က လုံခြုံရေး လုပ်ပေးနေတဲ့ ပြည်သူ့စစ်နဲ့ သူငယ်ချင်းဖြစ်ပြီး သေနတ်လုယူ ပစ်ခတ်ခဲ့တာလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး နာမည်နဲ့ နေရပ်ကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာတော့ သေနတ်ပစ်ခတ်ခဲ့သူ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
၎င်းဂိမ်းဆိုင်ကို မူဆယ်မြို့မ(၂) ပြည်သူ့စစ်အဖွဲ့က လုံခြုံရေး ပေးထားတာဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားပြီး ပြည်သူ့စစ်ပေါင်းစုံရှိတဲ့ မူဆယ်မြို့မှာ အခုလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ ဓားပြတိုက်မှုနဲ့ လုယက်မှုအပြင် ပြန်ပေးဆွဲမှုလည်း ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တစ်စုံတစ်ရာ တာဝန်ယူ ဆောင်ရွက်တာ မရှိကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။