ရွှေဖီမြေ၊ သြဂုတ် ၃ ရက်၊ နေပြည်တော်
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သြဂုတ် ၃ ရက် မနက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ- ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။
တွေ့ဆုံတဲ့နေရာနဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
စစ်ကောင်စီ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မွေးနေ့မှာ ကိတ်ခွဲနေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါလာတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အပါအဝင် အသက်ရှင်ထင်ရှားနေကြောင်း သက်သေပြဖို့ ဖိအားပေး တောင်းဆိုနေချိန် စစ်ကောင်စီဘက်က အခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းပေးကြောင်း သတင်းထုတ်ပြန်လာပေမဲ့ ဘယ်နေရာမှာ ထားရှိတယ်ဆိုတာကိုတော့ ထုတ်ပြောထားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။