မြတ်နိုး၊ ဇူလိုင် ၂၅၊ မူဆယ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့ပေါ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက အွန်လိုင်းငွေလိမ် ကျားဖြန့်တွေကို စစ်တပ်နဲ့ ရဲ ပူးပေါင်းပြီး ဟန်ပြထပ်မံဖမ်းဆီးမှု ပြုလုပ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“အွန်လိုင်း ငွေလိမ် ကျားဖြန့် ဖမ်းတာက စွမ်စော် ၂ လမ်းမှာပါ။ လူဦးရေ ဘယ်လောက် ဖမ်းမိတယ်ဆိုတာက မသိရဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မူဆယ်မြို့ပေါ်မှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်နေသူတွေကို မကြာခဏ ဖမ်းဆီးတာမျိုး ရှိပေမယ့် အွန်လိုင်းလိမ်လည် ဂိုဏ်းတွေ ရှိနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“မနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက စွမ်စော် ၂ လမ်းက အဆောက်အဦး တစ်ခုကို စစ်တပ်နဲ့ ရဲ တပ်ဖွဲ့တို့ အင်အားသုံးပြီး ဖမ်းဆီးသွားတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောပါတယ်။
အွန်လိုင်းငွေလိမ် ကျားဖြန့် ဂိုဏ်းတွေဟာ မူဆယ်မြို့ပေါ်မှာ ပုံစံအမျိုးမျိုးပြောင်း၊ နေရာရွှေ့ပြောင်းကာ ဟိုတယ် မြေအောက်ခန်းတွေအထိ ငွေလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အတွင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၅ ဦးကို လုပ်ငန်းသုံး ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းဌာနဖြစ်တဲ့ မြန်မာ့အသံမှာ ဖော်ထားပါတယ်။
စွမ်စော် ၂ လမ်းမှာရှိတဲ့ အဆောက်အဦး ၂ ခုကို စုံစမ်း စစ်ဆေးကာ ဖမ်းဆီခဲ့တာဖြစ်ပြီး ဖမ်းဆီးခံသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှု ပြုလုပ်ပြီး ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပြီး သိမ်းဆည်းရမိထားတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို မေ၊ ဇွန်နဲ့ ဇူလိုင်လအတွင်း ဆက်တိုက် ဖမ်းဆီးနှိမ်နင်းမှုတွေ ပြုလုပ်နေပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ မေလ ၁၇ ရက်က ၄၂ ဦး၊ မေလ ၂၈ ရက်က ၂၈ ဦး၊ ဇွန်လ ၁၃ ရက်က ၈၈ ဦး၊ ဇွန်လ ၂၅ ရက်က ၇ ဦးနဲ့ ဇူလိုင်လ ၂၄ ရက်က ၅၅ ဦးကို လုပ်ငန်းသုံး ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Starlink စက်ပစ္စည်းတွေအပါအဝင် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။