ရွှေဖီမြေ၊ ဩဂုတ် ၁၀ ရက်၊ သံတွဲ
ရခိုင်ပြည် သံတွဲမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးနဲ့အထက် သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီမှာ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ ၁၀ ဦးအထက် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကာ လက်ရှိအချိန်ထိ ဒေသခံ ၂ ဦး ပျောက်ဆုံးနေဆဲလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေသခံပိုင် နေအိမ်အဆောက်အဦး ၂၀ လုံးနီးပါးလည်း ထိမှန်ပျက်စီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်ကို အထူးသတိထား နေထိုင်ကြဖို့ AA က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကလည်း သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။