ရွှေဖီမြေ၊ ဩဂုတ် ၁၁ ရက်၊ လယ်ဒို
ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် အတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီခွဲကျော်မှာ လယ်ဒိုမြို့နယ် (ကလော်မော်ခို)ဘုရားကြီးရွာထဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိတဲ့အပြင် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲချတိုက်ခိုက်ချိန်မှာ မာပီဖိုးရွာကနေ စစ်ဘေးရှောင်လာတဲ့ နော်ရှီးဒူးဖော (၄၀ နှစ်)၊ (ကလော်မော်ခို)ဘုရားကြီးရွာက မနီလာ (၄၀ နှစ်)နဲ့ နော်အယ်ဂျာလင်း (၉ နှစ်)တို့ ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဗုံးစ ထိမှန်တာကြောင့် စောခိုနူး (၅၅ နှစ်)၊ စောဘီးထူး (၅၅ နှစ်)၊ စောပဟီထူး (၅ နှစ်)၊ စောအောင်ကျော်မိုး (၃၅ နှစ်)၊ စောအယ်ကလယ်စေး (၁၄ နှစ်)၊ နော်ဆဲသယူဖော (၉ နှစ်)၊ နော်မူးကပြူဝါး (၁၃ နှစ်)နဲ့ နော်သက်မာအေး (၂၇ နှစ်)လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံး၊ စပါးကျီ ၁ လုံး၊ ဆိုင်ကယ် ၂ စီး၊ စောဘီးထူးရဲ့ ဈေးဆိုင် ၁ ခု ကုန်ကျငွေ သိန်း ၂၀ နဲ့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နွား ၁ ကောင်လည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus)ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အပြင် အပြစ်မဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ စစ်ရာဇ၀တ်မှုကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။