ရွှေဖီမြေ၊ ဇူလိုင် ၂၉ ရက်၊ ရွာငံ
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် အင်းကုန်ကျေးရွာခံ ၄ ဦး၊ နွားဘန်းကြီးရွာခံ ၂ ဦးနဲ့ ဉာဏ်ကြီးရှင်ကော်ဖီစက်ရုံ ဝန်ထမ်း ၁ ဦး စုစုပေါင်း ရွာခံ ၇ တို့ကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက်မှာ စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေ ဖမ်းဆီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီရက်ပိုင်း တပ်မ ၅၅ လက်အောက်တပ်ရင်းတွေ အတော်လေး သောင်းကြမ်း ဖမ်းဆီးနှိပ်စက်မှုတွေ တောက်လျှောက် လုပ်ပါတယ်။ ရွားသားတစ်ယောက် နှိပ်စက်ခံရလို့ ဆုံးသွားတယ်”
အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်သန်းဦးဟာ စစ်တပ် ဖမ်းဆီးပြီးနောက် သေဆုံးသွားတာဖြစ်ပြီး မီးသဂြိုလ်ခွင့်လည်း မပေးကြောင်း သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ရွာငံမြို့နယ်ထဲက ကျောက်ငှက်ကျေးရွာအုပ်စု ဆင်ပြားရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၄ ရက်ကစပြီး ကျောက်ငှက်နဲ့ မြောက်ကုန်းရွာခံ ၄၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
အဲဒီထဲက ၃၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ၁၀ ဦးဝန်းကျင် ဆက်လက်ဖမ်းဆီးခံရဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။
“တချို့တော့ ပြန်လွှတ်လာပြီဗျ။ ၁၀ ယောက်ဝန်းကျင် ကျန်ပါသေးတယ်။ အဲဖက်မှာ ဆက်မဖမ်းပေမဲ့ ရွာငံမြို့နယ် အင်းကုန်းကျေးရွာနဲ့ နွားဘန်းကုန်းဖက်မှာ ဆက်ဖမ်းနေတယ်”
ရွာငံမြို့နယ်ထဲ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့လည်း လှုပ်ရှားနေတဲ့ဒေသလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။