ပပ၊ ဩဂုတ် ၃၁ ရက်၊ နမ့်စန်
ရှမ်းတောင် နမ့်စန်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့စစ်တပ်တို့ စကားများ ရန်ဖြစ်ရင်း ပစ်ခတ်မှုဖြစ်လို့ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း နမ့်စန်ရှိ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက် ည ၇ နာရီဝန်းကျင်မှာ နမ့်စန်မြို့လယ်ရှိ နာရီစင်အနီးက စားသောက်ဆိုင်တစ်ခုရှေ့မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
မြို့ခံအမျိုးသမီးက “သွားစားသောက်ပြီး ပြန်ဖို့လုပ်နေတုန်းမှာ ပါလာတဲ့ ကားလား ဆိုင်ကယ်လား နေရာမလွတ်လို့ ရွှေ့ခိုင်းရင်းကစပြီး ရန်ဖြစ်ကြတာ။ ပြီးမှ အနီးကပ် ပစ်လိုက်တာလို့ မြင်ရတဲ့လူတွေ ပြန်ပြောပြလာတာ” လို့ ပြောပါတယ်။
ပစ်ခတ်မှု မဖြစ်ခင်မှာ စစ်သားဖြစ်သူက နေရာမဖယ်ပေးရင် ဗုံးခွဲ ဖယ်ရှားမယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ပစ်လိုက်တာလို့ ဆိုပါတယ်။
သေဆုံးသူ စစ်သားဟာ ဗိုလ်အဆင့်ရှိသူဖြစ်ပြီး ဦးခေါင်း ဝမ်းဗိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို ပစ်သတ်တဲ့ ရဲကိုလည်း ရဲစခန်းက ဥပဒေအရ စစ်ဆေးပြီး အပြစ်ပေးအရေးယူသွားမယ်လို့လည်း ရဲစခန်းနဲ့ နီးစပ်သူ အမျိုးသားက ပြောဆိုပါတယ်။
”အမှုတွေ ကိုင်နေကြပြီ။ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ခုလုံး ပေးလောက်မယ်ထင်တယ်”
နမ့်စန်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လလယ်ကလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပညာရေးဝန်ထမ်းတစ်ဦးနဲ့ စကားအခြေအတင်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။