ရွှေဖီမြေ၊ ဇူလိုင် ၁၃ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ်- MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ချိန်မှာ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ရွာဘုန်းကြီးကျောင်းအဆောင်တွေ ပြန်လည်ပြုပြင်ပေးမယ်လို့ ကိုးကန့်ဘက်က ပြောဆိုထားပေမယ့် လက်ရှိအချိန်ထိ လာပြုပြင်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်က ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ စာသင်ကျောင်းအပါအဝင် ရွာဘုန်းကြီးကျောင်းအဆောင်တွေရဲ့စာရင်းကို လာရောက်ကောက်ခံပြီး လျော်ကြေးပေးမယ်လို့ ပြောဆိုထားပေမဲ့ ၃ လကျော် ကြာတဲ့အထိ လာပေးတာ မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့လာထိန်းချုပ်ကတည်းက ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ပြန်ပြင်ပေးမယ်ဆိုပြီး သူတို့လာပြောတယ်။ ဘယ်လောက်ပေးမယ်ဆိုတာ ကန့်သတ်ချက်တော့ မရှိဘူးပေါ့။ လာကြည့်ပေးမှာပေါ့ဆိုပြီး အခုချိန်ထိ ဘာမှမကြားရတော့ဘူး။ သေဆုံးတဲ့သူတွေအတွက်တော့ သူတို့ပေးပြီ။ အဓိက ဘုန်းကြီးကျောင်းတွေကိုပဲ ဦးစားပေးစေချင်တယ်”
ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်က မန်ထန်ရွာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးသွားခဲ့တာကြောင့် လက်ရှိမှာ ဘုန်းကြီးတွေက ကွတ်ခိုင်မြို့ရှိ ဟိုကျန့်ရွာက ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လွယ်ဆိုင်၊ မန်ထန်၊ ရွှေကမ္ဘာအေးကျောင်းတွေ အကုန်ထိတယ်လေ။ မန်ထန်ကျောင်းဆို အခုက ဝါဝင်တော့မှာဆိုတော့ ဘုန်ကြီးတွေ နေစရာနေရာမရှိတော့ဘူး။ အကုန်ပျက်စီးကုန်နေပြီ။ အရင်က မိုးမရွာတော့ ဘာမှသိပ်မဖြစ်ဘူးလေ။ အခုက မိုးတွင်းလည်း ရောက်လာပြီဆိုတော့ တခြားနေရာမှာ ဘုန်းကြီးတွေ ပြောင်းရွှေ့နေရတယ်”
ဒရုန်းဗုံးကြောင့် ဟိုကျန့်၊ လွယ်ဆိုင်၊ မန်ထန် ကျေးရွာက နေအိမ် ၁၅ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ တအာင်းအရပ်ဖက် အဖွဲ့အစည်း – TCSO ရဲ့ စာရင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ် တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။