မြတ်နိုး၊ ဇူလိုင် ၃၊ ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက ” ကနဦးတော့ ၄ ဦးပါသွားတယ်လို့ သိရပါတယ်။ အကုန်လုံးက ကျောက်ရှာ ဝန်ထမ်းတွေပါ” လို့ ဒေသခံ အမျိုးသားတစ်ဦး က ပြောပါတယ်။
ဒေသခံတချို့က မြေပြိုမှုအတွင်း လူ ၇ ဦးခန့် ပါသွားနိုင်ကြောင်း ပြောဆိုနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပပါဘူး။
လက်ရှိမှာ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်နေဆောင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်ခန့်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာ၊ သုံးသိန်းမှော်ဘက် မြေစာပုံ ပြိုပြီး လူ ၆ ဦးပါသွားပြီး သေဆုံး ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖားကန့်ဒေသဟာ ကျောက်စိမ်းတူးဖော်မှု အဓိကပြုလုပ်တဲ့ ဒေသဖြစ်ပြီး မိုးရာသီမှာ မြေစာပုံနဲ့ တောင်ကမ်းပါးပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီလုပ်ကွက်တွေကနေ စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေ ဝင်ရောက်လုပ်ကိုင်ရာမှ လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ နှစ်စဉ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။