ရွှေဖီမြေ၊ ဇူလိုင်လ ၁၃ ရက်၊ နမ့်ဆန်
တအာင်းတပ်-PSLF/TNLAထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့က အမျိုးသမီးတစ်ဦး တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လကျော်ကြာ မိသားစုဝင်နဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ လွေးမိုးဦးဟာ မိုင်းပေါက်ဘက်မှာ အလုပ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာတော့ သူငယ်ချင်းနဲ့အတူ ရွှေလီထဲမှာ အလုပ်လုပ်ဖို့ တက်သွားခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်တစ်ဦးက “အစက သူမိုင်းပေါက်မှာနေတာ။ ၁၂ လပိုင်းကတည်းက သူငယ်ချင်းတွေနဲ့ ရွှေလီဘက်သွားပြီး စက်ရုံတစ်ခုမှာ သူနေခဲ့တယ်။ အဲဟာအဆင်မပြေလို့ သူအိမ်ဖော်အလုပ်နဲ့လုပ်မယ်ဆိုပြီး ပြောလာတယ်။ အဲအလုပ်လုပ်မယ်ပြောပြီး တပတ်လောက် သူနဲ့ဆက်သွယ်လို့ရသေးတယ်။ နောက်မှ အဆက်အသွယ်မရတော့ဘူး။ သူရောင်းစားခံရမှာ ကြောက်တယ်”
လွေးမိုးဦးဟာ လမ်းမှာ ဖမ်းဆီးခံရတာနဲ့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်ပူပန်နေပြီး ၎င်းကို တွေ့ရှိပါက ရွှေဖီမြေမှတဆင့် ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။
ရှမ်းမြောက်နဲ့ တခြားဒေသက လူထုတွေဟာ မူဆယ်နဲ့တရုတ်နိုင်ငံဘက် အလုပ် လုပ်ဖို့ သွားရာကနေ ပွဲစားတချို့ရဲ့ လိမ်လည်မှုကို ခံရပြီး လူကုန်ကူးခံရတာ၊ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းတာနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။