အလင်း၊ သြဂုတ် ၂၇ ရက်၊ ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အငှားယာဥ်မောင်းလိုက်နေတဲ့ ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် Pa Sian Mang ဆိုသူဖြစ်ပြီး ၎င်းဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာဇာတိလည်းဖြစ်ပါတယ်။
Pa Do Sian Mang ဟာ ကလေးမြို့မှာ အငှားယာဥ်မောင်းလိုက်နေစဥ် ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်၊ မနက်ပိုင်းလောက်မှာ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်ပါတယ်။
“ပစ္စည်းတွေ သွားပို့ရင်းနဲ့ အဖမ်းခံရတာပါ။ အဖမ်းခံရတုန်းကတော့ သူ့သူငယ်ချင်းတွေလည်းပါတယ်။”လို့ ၎င်းရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
၎င်းနဲ့ အတူ ဖမ်းဆီးခံရသူတချို့မှာ ပြန်လည်လွတ်မြောက်ကြပေမဲ့ Pa Do Sian Mang မှာ လွတ်မြောက်ခြင်း မရှိဘဲ စစ်ကောင်စီရဲ့ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် အဲဒီဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီဘက်ကတော့ နှလုံးရပ် သေဆုံးတာလို့ မိသားစုဝင်တွေဆီကို အကြောင်းကြားလာပါတယ်။ ပြီးတော့ ရောဂါစစ်ဆေးဖို့အကြောင်းပြချက်နဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တယ်လို့ ပြောတယ်”လို့ ၎င်းရဲ့မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
Do Sian Mang ဟာ နှလုံးရပ်ကာ သေဆုံးခဲ့တာလို့ဆိုပေမဲ့ ၎င်းရုပ်အလောင်း တကိုယ်လုံးမှာထိခိုက်ဒဏ်ရာ အများအပြား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ဖမ်းဆီးခံရစဥ် စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် သေဆုံးတာဖြစ်မယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက သုံးသပ်ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။