ဟွမ်လာဝ်၊ မတ်လ ၂၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးတဲ့ အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ Novo KTV ရဲ့ အနောက်ဘက်မှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသမီးအလောင်း တစ်လောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “အဲအမျိုးသမီးက အဲ KTV ရဲ့ အနောက်ဘက်မှာ တဲထိုးပြီး နေနေတာလေ။ အလောင်းတွေ့တာလည်း ၃ ရက်လောက် ရှိပြီထင်တယ်။ ဘယ်ကမှန်းလည်း မသိပါဘူး။ မူးယစ်ဆေးသုံးတာ လွန်သွားလို့ ထင်တယ်။ မူဆယ်က ဘယ်သူသေသေ ပိုင်ရှင်မဲ့ပဲလေ” ဆိုပြီး ပြောပါတယ်။
အဲဒီအမျိုးသမီးအလောင်းကို မူဆယ်မြို့ရှိ နှလုံးလှ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မူဆယ်မြို့ပေါ် က နေရာတချို့မှာ ဆေးသမားတွေ ပေါ်ပေါ်ထင်ထင်ရှိနေတာကြောင့် ဒီထက် ပိုပြီး လျော့နည်းလာအောင် သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်ပေးဖို့ကိုပဲ မျှော်လင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ အခုလို မူးယစ်ဆေး သုံးစွဲရင်း လမ်းဘေးတွေမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရှိရတဲ့မြို့လည်း ဖြစ်ပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ အရင်ကထက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း ပိုများလာသလို ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။