မိုင်းပန်ပျော်၊ မတ်လ ၂၅ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီပြတ်လပ်မှုကြောင့် ဆီဖြည့်ရဖို့ကို ဆိုင်ကယ်နဲ့ ကားတွေက ကြိုတင်တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လားရှိုးဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ မတ်လ ၂၅ ရက် မနက်ပိုင်းအထိ မြို့အတွင်းမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တချို့မှာ ဆီဖြည့်ဖို့ လာရောက်စောင့်ဆိုင်းသူ များပြားပြီး ကြိုတင်တန်းစီ စောင့်ဆိုင်းကြရတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီမနက်ထကြည့်တာ လားရှိုးကြီး အထက (၃) ဖက်မှာ ကားတွေ ဆိုင်ကယ်တွေ တန်းစီတာ တစ်မိုင်လောက် ရှည်တယ်။ တစ်ခြားနေရာတွေလည်း အဲလိုဖြစ်တယ်။ပန့်ဆီဆိုင်က မနက် ၁ နာရီဖွင့်ရင် ညကတည်းက လာစောင့်ရတယ်”
ဒေသခံအချို့ရဲ့ ပြောဆိုချက်အရ ဆီရဖို့အတွက် တချို့လူတွေဟာ ညပိုင်းကတည်းက သွားပြီး ကြိုတင်တန်းစီကာ စောင့်ဆိုင်းနေကြတာဖြစ်ပြီး ဆီဆိုင်အနီး လမ်းမတလျှောက်မှာ ဆိုင်ကယ်နဲ့ ကားတန်းတွေ တန်းအရှည်လိုက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လားရှိုးမြို့အပြင်ဘက်မှာ ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ တန်းစီစရာမလိုဘဲ ဓာတ်ဆီတစ်လီတာကို ၁ သောင်းခွဲဝန်းကျင်နဲ့ ဝယ်ယူလို့ရနေပြီး လားရှိုးမြို့တွင်း ဆီဆိုင်တချို့မှာတော့ ဓာတ်ဆီတစ်လီတာကို ၅ ထောင်ကျော် ဝန်းကျင်သာရှိပေမယ့် လာရောက်ဝယ်ယူသူ များတာကြောင့် တန်းစီစောင့်ဆိုင်းကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတဝန်းနည်းတူ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင် အပါအဝင် မြို့နယ်အများစုမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။