ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ ဝမ်ဟိုင်း
ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ဌာနချုပ်ရှိတဲ့ ရှမ်းတောင် ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်မှာ မကွေးတိုင်း မင်းလှမြို့နယ် သရက်-မင်းလှသွားလမ်းပေါ်မှာ ယာဉ် ၂ စီးပေါ်ကနေ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၉၇.၅ သိန်းနဲ့အတူ ယာဉ်မောင်း ဇေယျာမိုးနဲ့ အောင်မင်းသန်းဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁၃ ရက်မှာ ကွင်းဆက်ကို ရှာဖွေရာ မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ ပါဝင်တဲ့ ရဲရင့်လှိုင်ဆိုသူကို နောင်ချို ဘန်ဘွေးတိုးဂိတ်မှာ ထပ်မံဖမ်းဆီးရမိပြီး သက်ဝေ၊ သူရဇော်နဲ့ နေဇာအောင်ဆိုသူတွေကိုတော့ မန္တလေးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပင် ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ ခြံဝင်းအတွင်းမှာ ယာဉ် ၄ စီးပေါ်က စိတ်ကြွဆေးပြား ၁၄၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွဆေးပြား ၂၄.၁၅ သန်းရှိပြီး တန်ဖိုးငွေကျပ် ၃၆.၂၅၅ ဘီလီယံ တန်ဖိုးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းကနေ စိုင်းဆမ်ဆိုသူက ရောင်းချပေးခဲ့တာဖြစ်ပြီး မင်းတုန်မြို့ကနေ အာရက္ခတပ်တော်- AA ရဲ့ စီးပွားရေးတာဝန်ခံ ထွန်းကျော်နဲ့ ဘညွန့်ဆိုသူက ရခိုင်ပြည်နယ်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ AA ဘက်က ပါဝင်ပတ်သက်မှုရှိတယ်လို့ မကြာခဏ ထုတ်ပြန်ထားပြီး AA ဘက်ကတော့ နိုင်ငံရေးဂုဏ်သိက္ခာကျအောင် ဝါဒဖြန့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။