ရွှေဖီမြေ၊ ဇူလိုင် ၃ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာခံပိုင်မြေကို ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးက ၎င်းပိုင်မြေဆိုပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ရာ ဒီနေ့အချိန်အထိ ပြေလည်မှုမရသေးဘူးလို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။
၁၀၅ မိုင်-ကြူကုတ်လမ်းပိုင်းမှာရှိတဲ့ အောက်နမ့်ဟွယ်ပိုင်မြေကို ရွာရန်ပုံငွေရဖို့ ရွာခံတွေက ကျောက်ထုတ်ဖို့ ပြင်ဆင်နေချိန် ၁၀၅ မိုင် အုပ်ချုပ်ရေးမှူး ဦးမောင်အေးဆိုသူက ၎င်းပိုင်မြေဖြစ်ကြောင်း ပြောဆိုရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အောက်နမ့်ဟွယ်ရွာခံနဲ့ ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးတို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ တစ်ကြိမ်နဲ့ မနေ့ ဇူလိုင် ၂ ရက်မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပေမယ့် ပြေလည်မှုမရဘဲ ရွာပိုင်မြေကို ဦးမောင်အေးက ၎င်းပိုင်မြေအဖြစ်သာ ပြောဆိုနေတယ်လို့ အောက်နမ့်ဟွယ်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အရင်းခံပြဿနာက အုပ်ချုပ်ရေးမှူးက ကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှာ သုံးတဲ့ ရွာဘုံပိုင်မြေကို သူ့ကိုယ်ပိုင်မြေအဖြစ် သတ်မှတ်ချင်တာ။ ရပ်ရွာလူကြီးကို အသိမပေးဘဲ ထောက်ခံမှုမယူဘဲ ဘုံပိုင်မြေကို အုပ်ချုပ်ရေးမှူးက သူ့ကိုယ်ပိုင်မြေအဖြစ် မြေပုံစံလုပ်ထားတယ်။ ကျနော်တို့ ရပ်ရွာတစ်ခုလုံးလည်း မထောက်ခံဘူးဗျ” လို့ ဆိုပါတယ်။
လက်ရှိ အငြင်းပွားမှုဖြစ်နေတဲ့ နယ်မြေဟာ လမ်းခင်းဖို့ ကျောက်ထုတ်လုပ်တဲ့နေရာဖြစ်ပြီး ၁ ဧကကျော် ကျယ်ဝန်းတယ်လို့ အောက်နမ့်ဟွယ်ရွာခံတွေက ပြောပါတယ်။
ဦးမောင်အေးကတော့ လက်ရှိ အငြင်းပွားမှုဖြစ်နေတဲ့ မြေနေရာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က ကျောက်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မြေလွတ်မြေလပ်ကို ၃ နှစ်အထက် လုပ်ကိုင်ရင် မြေပိုင်ဆိုင်မှု လျှောက်ထားရတတ်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“အရင်က အဲဒီကျောက်တောင်မှာ (Asia World) ကုမ္ပဏီက ကျောက်ထုတ်တာ။ အရင်က သူတို့လုပ်တာကျတော့ ဘာမှမပြောဘူး။ အခုကျမှ လာပြောတာ။ ပြီးတော့ အများပိုင်ဆိုပေမယ့် လယ်ယာမြေဥပဒေမှာ မြေလွတ်မြေလပ်ကို ခြုံခုတ်ရှင်းပြီး ၃ နှစ်အထက် လုပ်ရင် သူပိုင်လို့ရတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ ဦးမောင်အေးက မြေပိုင်ဆိုင်မှု အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အောက်နမ့်ဟွယ်ရွာခံ ၅ ဦးကို ၁၀၅ မိုင်မှာ တရားစွဲထားတယ်လို့ ရွာခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။