ဆုမွန်၊ မေလ ၁၄ ရက်၊ ကျိုင်းတုံ
ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ အမျိုးသား ၄ ဦးက ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့သူ့အမေကို ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၁၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျိုင်းတုံမြို့ နောင်ခိုက်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေပိုင်ရှင်အမျိုးသားတစ်ဦးနဲ့ ၎င်းရဲ့ အမေဖြစ်သူဟာ ဈေးကနေ ပြန်လာတဲ့အချိန် အမျိုးသား ၄ ဦးက ၎င်းတို့ကို ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။
နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက “သူတို့ဈေးကနေ ပြန်လာတဲ့အချိန်မှာ သူတို့အိမ်အရှေ့မှာ ဖြစ်သွားတာ။ သူ့သားက ဝင်းတံခါးဖွင့်ဖို့ လုပ်နေချိန်မှာပဲ အဲဒီလူက သူ့ကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့အမေကိုတော့ ကားပေါ်ကနေ တွန်းချလိုက်တယ်။ သူတို့ ရွှေ ၃ ပိဿာနဲ့ ငွေကျပ် သိန်း ၃ သောင်းကျော် ယူသွားပြီး ကားမောင်းပြေးသွားကြတယ်။ သူ့အမေက မနေ့ ဒဏ်ရာ ရပြီးတော့ ဒီနေ့မှာပဲ ဆုံးသွားတယ်” လို့ ပြောပါတယ်။
ဓားပြ တိုက်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၆၀ နှစ်အရွယ်ရှိပြီး ၎င်းရဲ့အလောင်းကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပြီးတော့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ဓားပြတိုက်သွားတဲ့ အမျိုးသား ၄ ဦးကိုတော့ သက်ဆိုင်ရာဘက်က လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။