ပျားကြီး၊ ဩဂုတ် ၉ ရက်၊ ခင်ဦး
စစ်ကိုင်းတိုင်း ခင်ဦး၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး ကျေးရွာပေါင်း ၄၀ ကျော် ရေနစ်မြှုပ်မှု ရှိနေပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒေသခံနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ကို ဖောက်ချခဲ့တာကြောင့် ဆည်အောက်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြှုပ်မှု ဆက်တိုက် ရှိလာတာဖြစ်ပြီး ၄ ရက်မြောက်ဖြစ်တဲ့ ဒီနေ့အထိ ရေ ဆက်လက်ဝင်ရောက်နေဆဲပါ။
“ဒီဖက်နယ်မှာတော့ ခင်ဦးက အဆိုးဆုံးပဲ။ ပြီးတော့ ရွှေဘို အခုဆို ရေက ဝက်လက်နယ်ထဲအထိ ရောက်နေပြီ။ အမိုးအကာ၊ ရေ၊ ရိက္ခာ၊ ဆေးဝါး အကုန်လုံး လိုအပ်နေကြတယ်။ တော်လှန်ရေး အင်အားစုတွေက ကူနိုင်သလောက် ကူပေးနေပေမဲ့ ဒုက္ခရောက်တဲ့သူက အရမ်းများတော့ မနိုင်တော့ဘူး” လို့ ခင်ဦးမြို့နယ်မှ ရေဘေးကူညီမှုပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
လတ်တလော ရေကြီးနစ်မြှုပ်မှုတွေကြောင့် စိုက်ပျိုးမြေဧကပေါင်း သောင်းနဲ့ချီ ရေမြှုပ်နေပြီး အဲဒီထဲက ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကျော်အထိ ပျက်စီးဆုံးရှုံးမှု ရှိနိုင်သလို ရေစီးနဲ့အတူ ကျွဲ၊ နွားတိရစ္ဆာန်တွေလည်း ရာနဲ့ချီ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ခင်ဦး၊ ရွှေဘို စတဲ့မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်တာကြောင့် ရေကြီးနစ်မြှုပ်မှု ပိုမိုဆိုးရွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်းက ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်သေဆုံးသူ ၇ ဦးအထိ ရှိလာတယ်လို့ ဒေသတွင်းသတင်းသမားတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။